Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ၅၀၀ ကေဗွီ HGIS Switch Bay (၆) Bay တပ်ဆင်နေမှု၊ ထရန်စဖော်မာ Firewall တည်ဆောက်ပြီးစီးမှု၊ HGIS စနစ်အသုံးပြု၍ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများ တည်ဆောက်တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးရန် ကြီးကြပ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံ

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယ ဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ဧရာဝတီမြစ်ရေသည် ဆက်လက် မြင့်တက်လျက်ရှိနေသဖြင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရန်အတွက် လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ယာယီဓာတ်အားဖြတ်တောက်ထားရှိရန်နှင့် ပြည်သူများနားလည်သဘောပေါက်လက်ခံအောင် သေချာစွာ ရှင်းလင်းပြောကြားပေးစေလိုကြောင်း၊ မြစ်ရေများပြန်ကျပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ မီတာများနှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းထားရှိမှုများကို စနစ်တကျ သေချာစွာစိစစ်ပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန် မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများကို စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးမှု ကြီးကြပ်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာ ဦးကျော်ဝေလင်းက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာပိုင်း အားနည်းမှုမရှိရေး အထူးဂရုပြုဆောင်ရွက်စေလိုပါကြောင်း မှာကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းခွင်၌ Control Building တည်ဆောက်နေမှု၊ ၅၀၀ ကေဗွီ HGIS Switch Bay (၆) Bay တပ်ဆင်နေမှု၊ ထရန်စဖော်မာ Firewall တည်ဆောက်ပြီးစီးမှု၊ HGIS စနစ်အသုံးပြု၍ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများ တည်ဆောက်တပ်ဆင်ပြီးစီးမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး (၁/၀) မိုင်ရှိ EV Charging Station ကို ဓာတ်အားပေးနိုင်ရန်အတွက် အသစ်တည်ဆောက်လျက်ရှိသော ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ၏ မြို့ပြလုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်