Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၂၉

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြာအင်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာပေါင်း ၂၂၁ ရွာကို ရွေးချယ်ပြီး ဝင်ငွေတိုး စီမံကိန်းသင်တန်းများကို ဖွင့်လှစ်ရာတွင် ဒေသခံပြည်သူများ၏လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကိုသာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ယခု သင်တန်းတွင် စာတွေ့၊ လက်တွေ့သင်ကြားခြင်းကို စိတ်ပါဝင်စားပြီး ထူးချွန်သူ၊ အမှန်တကယ်လုပ်ငန်းထူထောင်လိုသူ ငါးဦးကို စနစ်တကျရွေးချယ်ပြီး သင်တန်းဆင်းသည့်အခါ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်နှင့် လိုအပ်သည့် အရင်းအနှီး မတည်ပေးပြီး လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မတည်ထောက်ပံ့ပေးထားသည့် လုပ်ငန်းသုံးပစ္စည်းများ အသုံးချခြင်း ရှိ/ မရှိ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအောင်မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား ၁၂ ဦးကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား ငါးဦးကို သတ်မှတ်ချက်များနှင့် ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွား မည်ဖြစ်သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုံမှန် ဖွင့်လှစ်လျက်ရှိသည့် ကာလတိုသင်တန်းများအပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိသည်။ ယခုသင်တန်းကို ဒေသခံပြည်သူများအနေဖြင့် အိုးမကွာ၊ အိမ်မကွာနှင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ပြီး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက် စေပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ရည်ရွယ် ၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာအုပ်စု ပေါက်တောကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းအောင်မြင်ပြီး တစ်ပိုင်တစ်နိုင်စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေသည့် Family စက်ချုပ်ဆိုင်သို့ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်