Skip to main content

ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် (၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ ဆက်လက်တက်ရောက်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် video conference ဖြင့် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

(၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်တွင် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင်ဝန်ကြီးများက COVID-19 ကူးစက် ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ARF ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းစဉ်များ အရှိန်အဟုန် မပြတ်စေရေးအတွက် ယာယီအစီအမံများ ချမှတ်ဆောင်ရွက် နေမှုကို ကြိုဆိုပြီး “ဟနွိုင်းလုပ်ငန်းစီမံချက်-၂ (၂၀၂၀-၂၀၂၅)”၊ “ကူးစက်ရောဂါ ဖြစ်ပွားမှုများကာကွယ် တုံ့ပြန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ARF ထုတ်ပြန်ချက်၊ “အကြမ်းဖက်နှင့် အစွန်းရောက်အကြမ်းဖက်အုပ်စုတို့နှင့် ပတ်သက်ဆက်နွယ်သည့် စုဆောင်းခံရသူ ကလေးသူငယ်များအား ပြုပြင်စောင့်ရှောက်ရေးဆိုင်ရာ ARF ထုတ်ပြန်ချက် နှင့် “နိုင်ငံတကာလုံခြုံရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ အသုံးပြုမှု လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ARF ထုတ်ပြန်ချက် တို့ကို အတည်ပြုခဲ့ကြသည်။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံအချို့က ရခိုင်အရေးကိစ္စသည် သိမ်မွေ့ရှုပ်ထွေးသဖြင့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ နေရပ်ပြန်လာသူများ ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေး အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အရေး ကိစ္စဖြေရှင်းရာတွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ကူညီပံ့ပိုးပေးရန်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ထိတွေ့ ဆက်ဆံမှုများ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားကြသည်။

ရခိုင်ပြည်နယ်အရေး အလေးထားလုပ်ဆောင်

ပြည်ထောင်စုဝန်ကြီးက ရခိုင်ကိစ္စဆွေးနွေးချက်များအပေါ် တုံ့ပြန်ပြောကြားရာ၌ ရခိုင်ပြည်နယ် အရေးကိစ္စကို အမှန်တကယ် ဖြေရှင်းလိုပါက ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် ရှုမြင်သုံးသပ်ပြီး ယင်းပြဿနာ၏စိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများကို နားလည် သဘောပေါက်ရန်လိုကြောင်း၊  ရခိုင်ပြည်နယ်အရေးကိစ္စသည် တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းသွား လာမှုနှင့် မိမိတို့လွတ်လပ်ရေးမရမီအချိန်ကပင် ပေါ်ပေါက်ခဲ့သော ခွဲထွက်ရေး လှုပ်ရှားမှုများမှ အစပြုခဲ့သည့် ရှည်လျား ရှုပ်ထွေးသော သမိုင်းကြောင်းရှိသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မတူညီသည့် အသိုက်အဝန်းများအကြား အပြန်အလှန် မယုံကြည်မှုများ၊ ကြောက်ရွံ့မှုများ နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိရာ မိမိတို့အနေဖြင့် အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်ရေးကို အလေးထား လုပ်ဆောင်လျက်ရှိပြီး လုံလောက်သည့်အခြေအနေနှင့် အချိန်အခါလိုအပ်ကြောင်း၊ လက်ရှိမြန်မာအစိုးရအနေဖြင့် အသိုက်အဝန်းအားလုံးအတွက် ရေရှည်တည်တံ့သည့် အဖြေတစ်ရပ် ရှာဖွေရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA အကြမ်းဖက်အဖွဲ့၏ စတင်တိုက်ခိုက်မှုကြောင့် လူအများအပြား နေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်သည့် အချက်ကို အများကလစ်လျူရှုထားကြကြောင်း၊ ရခိုင်ပြည်နယ်တွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်အတည်ပြုနိုင်သူများကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူညီချက်များနှင့်အညီ ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်း မိမိတို့အနေဖြင့် အကြိမ်ကြိမ် ပြောကြားပြီးဖြစ်ကြောင်း၊  နေရပ်စွန့်ခွာသူဦးရေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားသည့် ကိန်းဂဏန်းများသည် အလွန်အမင်း ဖောင်းပွနေကြောင်း၊ မိမိတို့အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ရန် အဆင်သင့်ရှိသော်လည်း လုပ်ငန်းစဉ် မစတင်နိုင်စေရန် နေရပ်စွန့်ခွာသူစခန်းများတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများနှင့် နိုင်ငံရေး ရည်မှန်းချက်အတွက် နေရပ်စွန့်ခွာသူများအား အမြတ်ထုတ်မှုများကြောင့် နှောင့်နှေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်တွင် မပါဝင်သော အချုပ်အခြာအာဏာထိပါးနိုင်သည့် အဆိုပြု ချက်အသစ်များကို လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ARSA ၏ လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက်တိုက်ခိုက်မှု တိုးမြှင့်လာခြင်းနှင့် COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေတို့ကြောင့် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အခြေအနေသည် ပိုမိုရှုပ်ထွေးလာကြောင်း ပြောကြားခဲ့သည်။

ရှေ့ပြေးစမ်းသပ်စီမံကိန်းများ ဆွေးနွေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ် ရပ်တန့်နေ သော်လည်း နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး အတွက် သံတမန်လမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်ရှိ ကျေးရွာနှစ်ရွာတွင် ရှေ့ပြေးစမ်းသပ်စီမံကိန်းများ စတင်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လအထိ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူဦးရေ ၂၅၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံပေးပို့ထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ မိမိတို့၏ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ ရခိုင် ပြည်နယ်၌ ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက အာဆီယံနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံ ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံစီမံကိန်း (၄) ခုကို အတည်ပြုခဲ့ကြောင်း၊ UNDP၊ UNHCR တို့အနေဖြင့် အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်စေရန်နှင့် ဒေသခံများ၏ လိုအပ်ချက်များကို ဆန်းစစ်ရန် ရွာပေါင်း (၁၂၀) တွင် ကွင်းဆင်းလေ့လာမှု (၇) ကြိမ် ပြုလုပ်ခဲ့ပြီး Quick Impact Project (၇၅) ခုကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် အခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကူညီပံ့ပိုးမှုများအတွက် အာဆီယံနှင့် အခြားဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း  ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ထောက်ခံအားပေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် (၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်တွင် ရခိုင်ပြည်နယ်အရေး ကိစ္စနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လူသားချင်းစာနာမှု အကူအညီများပေးခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီပံ့ပိုးခြင်းနှင့် ရခိုင်ပြည်နယ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့တွင် အာဆီယံ၏ ကူညီပံ့ပိုးမှုကို ထပ်လောင်းအတည်ပြုကြောင်း၊ တတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး၌ အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ဦးစားပေးစီမံကိန်းများ အတည်ပြုခဲ့ခြင်းကို ကြိုဆိုကြောင်း၊ “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို  ကြိုဆိုကြောင်း၊  ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့ အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။

(၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက် (Joint Communique) အပါအဝင် စာရွက်စာတမ်း စုစုပေါင်း (၄၁) ခုကို ထုတ်ပြန်ခဲ့သည်။

သတင်းစဉ်