Skip to main content

မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

(၁၂-၉-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၂) ဦးအား မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ (၁၄:၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

၃။ ဆက်လက်၍လည်း မလေးရှားနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်တည်မှု မှန်ကန်ကြောင်း အထောက်အထားများ စိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဆောလျင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ အနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ မလေးရှားနိုင်ငံမှ ယနေ့ထိ ကယ်ဆယ်ရေး လေယာဉ် (၁၃) ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ပါသည်။

# Ministry of Foreign Affairs  Myanmar