ရန်ကုန် ဇူလိုင် ၂၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လူငယ်များအား အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာကြံ့ခိုင်ရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်ပညာရေးကို ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်သည့်အတွက် မိမိဘဝ၊ မိသားစုဘဝတိုးတက်ကောင်းမွန်အောင်၊ နိုင်ငံတော်က အားထားရသောသူများဖြစ်အောင်၊ နိုင်ငံချစ်စိတ်ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး(အပေါ်ပုံ) ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသား အမျိုးသမီး လေးထပ်အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေး ကွင်း(၁)ရှိ ပြေးခုန်ပစ်ပြေးလမ်း၊ ဝူရှူးအားကစားရုံနှင့် ဘော်လီဘောအားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်