နေပြည်တော် ဇူလိုင် ၂၄
သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ဥပဒေအသိပညာရှိရန် လိုအပ်
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန လုပ်ငန်း အလိုက် ဥပဒေအသိပညာရှိရန် လိုအပ်သောကြောင့် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းအပြင် အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ်မည်ဖြစ်သည့်အပြင် မကြာမီဥပဒေအသိပညာပြန့်ပွားရေး ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှရရှိသည့် ဥပဒေပညာရပ်ဆိုင်ရာဗဟုသုတများကို နိုင်ငံတော်နှင့် မိမိတို့ ဌာနများအတွက် အကျိုးရှိစွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး သင်တန်းသား ၆၀ ကိုယ်စား သင်တန်းသားကိုယ်စားလှယ်နှစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယခုသင်တန်းသို့ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ အလယ်အလတ်အဆင့် သင်တန်းသားသင်တန်းသူ ၆၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂၄ ရက် ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကိုသိရှိစေခဲ့ပြီး အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ်များ ထည့်သွင်းသင်ကြားခဲ့ကြောင်း၊ ထို့ပြင် ဥပဒေရေးဆွဲရေးအခြေခံ၊ စီးပွားရေးစာချုပ်စာတမ်းများအား စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အာဆီယံ (Legal Instruments)များအကြောင်း၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားမမှုစွဲဆိုခြင်းစသည့် ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်