နေပြည်တော် ဇူလိုင် ၂၄
ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ် ၅၀ ဘီလီယံနှင့် အထွေထွေပိုလျှံရန်ပုံငွေမှထုတ်ပေးထားသည့် ငွေကျပ် ၁၅၀ ဘီလီယံမှ ငွေကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၁၀၀ ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် ပေးသွင်းပေးမှု၊ ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထည့်သွင်းထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့်ဇူလိုင်လအတွင်း ချေးငွေပြန်လည်ပေးဆပ်မှုတိုးတက်လာသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများဖြစ်သဖြင့် မဖြစ်မနေပြန်လည်ပေးဆပ်ကြရန် တာဝန်ရှိကြောင်း၊ ချေးငွေသက်တမ်းသုံးနှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ ပြန်လည်ပေးဆပ်မှုမရှိသူများကို စီမံခန့်ခွဲမှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များဖြင့် အမြန်ဆုံးပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ အချိန်စေ့ရောက်တော့မည်ဖြစ်၍ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင်က ချေးငွေစိစစ် ကြပ်မတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှု၊ သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့် ချေးငွေဆိုင်ရာ စာရင်းဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ချေးငွေပေးဆပ်ရန် ကျန်ရှိသည့်ကုမ္ပဏီ/လုပ်ငန်းများကို ပြန်လည်ပေးဆပ်မှု အဆင့်လိုက်ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်၊ ချေးငွေအများဆုံးကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများအမြန်ပြန်လည်ပေးဆပ်လာစေရေး ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ကော်မတီ၏ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံရရှိရေးအစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးအကြံပြုတင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ချေးငွေများ အမြန်ဆုံးပြန်လည်ကောက်ခံရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်