နေပြည်တော် ဇူလိုင် ၂၄
(၈)ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ မစ္စတာတင်းကျုံ့လီ၊ သီရိလင်္ကာနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်၊ မော်လ်ဒိုက်နိုင်ငံ ဒုတိယလွှတ်တော်ဥက္ကဋ္ဌနှင့် နီပေါနိုင်ငံဒုတိယလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်အဖွင့်မိန့်ခွန်းပြောကြားကြသည်။
ကုန်သွယ်မှုကောင်းမွန်
ဒုတိယဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ကုန်စည်ပြပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပပြုလုပ်သည့်အပေါ် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်လျက်ရှိသော အိမ်နီးချင်းနိုင်ငံ (၅) နိုင်ငံ၏အလယ်တွင်ရှိပြီး သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော အခြေခံကောင်းများရှိကာ အိန္ဒိယသမုဒ္ဒရာတွင် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုအလား အလာအလွန်ကောင်းမွန်သော နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် တောင်အာရှ ၈ နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီးပြပွဲကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်က ပြခန်းပေါင်း ၈၀၀ ကျော် ပါဝင်ပြသလျက်ရှိသည်။ ကုန်စည်ပြပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင် ၃၇ ဦး၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ၈၈ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂၄ ခု က ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသလျက်ရှိသည်။
ပြခန်းများကြည့်ရှု
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုန်စည်ပြပွဲရှိ အပြည်ပြည်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများ၊ ကျောက်မျက်ရတနာများ ခင်းကျင်းပြသထားသည့် မြန်မာပြခန်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
တရုတ်−တောင်အာရှကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်စေရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုများပြားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်စည်ပြပွဲကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး မန္တလေးမြို့သို့ရောက်ရှိကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာကျန်းဝေတို့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်