နေပြည်တော် ဇူလိုင် ၂၄
အလုပ်သမားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
အဆိုပါ စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းသည် ဝန်ထမ်းများ၏ကာယအားနှင့်ဉာဏအားကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်ပါကြောင်း၊ စစ်တုရင်ကစားခြင်းဖြင့် ကစားသမားများသည် ဉာဏ်ရည်ထက်မြက်လာခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်လာခြင်း၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချက်ချင်းဆုံးဖြတ်တတ်လာခြင်း၊ စိတ်တည်ငြိမ်မှုရှိလာပြီး စိတ်ရှည်သည်းခံတတ်လာခြင်း၊ လူမှုရေးဆက်သွယ်မှုများ တိုးတက်လာခြင်း၊ ပိုနေသောအချိန်များကို ကောင်းမွန်စွာကျော်ဖြတ်တတ်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားကာ ကစားသမားများ၏ စစ်တုရင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ နှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။
ယင်းပြိုင်ပွဲတွင် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ အမျိုးသားကစားသမား ၂၅ ဦးနှင့် အမျိုးသမီးကစားသမား ၁၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကစားသမားများအနေဖြင့် နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများတွင် အသုံးပြုသည့် Swiss System ဖြင့် ကစားကြမည် ဖြစ်ကြောင်းနှင့် အမျိုးသားတစ်ဦးချင်း ပွဲစဉ်ခုနစ်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်ငါးပွဲစီ ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်