Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေးအား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် ဘင်းမ်စတက်ဒေသတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု (Connectivity) ကောင်းမွန်လာခြင်းဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍများ၊ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍများအနေဖြင့် အနာဂတ်ဘင်းမ်စတက်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အဓိကအရေးပါမှုရှိသည့်အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်