နေပြည်တော် ဇူလိုင် ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန်နံနက် ၆ နာရီခွဲ တွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။
ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီ
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။
လေ့ကျင့်သင်ကြားပေးလျက်ရှိ
အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ယခုအသက် ၂ နှစ်သားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၆ လက်မ၊ ကိုယ်လုံး လုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၃၉၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရနန္ဒက” မှာငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊ ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်