Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်သွင်းကုန်ပြပွဲ အကြိုညစာစားပွဲ တက်ရောက်

ကူမင်း ဇူလိုင် ၂၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Intercontinental Hotel ၌ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွိပေါ်က တည်ခင်းဧည့်ခံသည့် (၈) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ပြပွဲ အကြိုညစာစားပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ ညစာစားပွဲသို့ တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ကြသည်။

ညစာစားပွဲအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယဝန်ကြီး မစ္စစ် စွန်းဟိုင်ယန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ−တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးအပါအဝင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုကိစ္စရပ်များ တိုက်ဖျက်ရေးတို့တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

လေ့လာကြည့်ရှု

ထို့ပြင် နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်ပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ​တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Agricultural Reclamation Group ၏ ယူနန် နုန်ခမ်းကော်ဖီကုမ္ပဏီသို့ သွားရောက်ပြီး ယူနန်ပြည်နယ်၏ ပြည်တွင်းကော်ဖီထုတ်လုပ်မှုကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့် ကော်ဖီအမျိုးအစားများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်