နေပြည်တော် ဇူလိုင် ၂၁
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မိုးစပါးစိုက်ပျိုး ရန် ဧက ၅၀ စာ ဆင်းသုခ၊ ဧရာ မင်းနှင့် ထိုင်းနှံကောက်စပါးမျိုးများ ပျိုးထောင်နေမှုနှင့် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ရန်ကုန် - မန္တလေးလမ်းဟောင်း ကားလမ်းဘေးနှစ်ဖက်၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စုရှိ အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်၌ ကျင်းပသည့် ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးစပါး YSR-1 မျိုးစေ့ထုတ်စိုက်ခင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရာက်ပြီး တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲရေး၊ မျိုးကောင်း မျိုးသန့်များသုံးစွဲရေး၊ စိုက်နည်း စနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ သတ်မှတ်သွင်းအားစုများ လုံလုံ လောက်လောက်ထည့်သွင်းရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တောင်သူများနှင့်အတူ သစ်ဆိမ့်ပင်ကျေးရွာအုပ်စုကွင်းအမှတ် (၁၈၂၃) ၌ စိုက်ပျိုးရေးဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး YSR-1 မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧက၌ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်တို့ဖြင့် သရုပ်ပြ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်