နတ်မောက် ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားခဲ့သည်။
ခင်းကျင်းပြသပေးထား
“ဒီကနေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် ယခင်နှစ်တွေနဲ့ မတူဘဲအထူးပြခန်းအနေနဲ့ ဗိုလ်ချုပ်ရဲ့ ငယ်ဘဝကနေ နိုင်ငံရေးကြိုးပမ်း လှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံတွေကို ခင်းကျင်းပြသထားပြီး ကျောင်းသား လူငယ်တွေ အသိပညာဗဟုသုတကြွယ်ဝစေဖို့အတွက် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးရဲ့ ဘဝဖြစ်စဉ် အကျဉ်းတွေကိုပါ ခင်းကျင်းပြသပေးထားပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မကွေးဌာနခွဲမှ ဦးစီးအရာရှိ ဦးရဲလွင်က ပြောသည်။
မှတ်တမ်းဓာတ်ပုံများပြသ
ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်၏ မိခင်အသုံးပြုခဲ့သည့် ဆီသိုလှောင်သည့် ဂိုဒေါင်ဟောင်းနှင့် နေအိမ်အောက်ထပ်တွင် စပါးကျီချိုင့်၊ ဗိုလ်ချုပ်အစ်မရက်ခဲ့သည့် မူရင်းရက်ကန်းစင်၊ ဗိုလ်ချုပ်ငယ်စဉ်ဘဝက ကိုင်ဆောင်ခဲ့သည့် စာအုပ်မျက်နှာဖုံးများ၊ ဗိုလ်ချုပ်၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ နိုင်ငံရေးလှုပ်ရှားမှုများမှသည် ကျဆုံးခဲ့သည့် အချိန်အထိ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားပြီး နေအိမ်အပေါ်ထပ်တွင် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုလုပ်ထားသည့် ဆီလီကွန်ရုပ်တု၊ ဗိုလ်ချုပ်မိဘအိမ်ပြန်လာစဉ် အိပ်ခန်း၊ အိပ်ခန်းအတွင်းမှ မူရင်းကြိုးခုတင်၊ ဗိုလ်ချုပ်၏ မိခင်အိပ်ခန်း၊ ဗိုလ်ချုပ် မိသားစုအိပ်ခန်း၊ အမျိုးသမီးပြင်ဆင်ခန်း၊ မီးဖိုခန်း၊ နေအိမ်ခြံဝင်းအတွင်း၌ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ကျောက်စာတိုင်နှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားသည်။
လေ့လာကြည့်ရှု
ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှုလေ့လာနိုင်ပြီး ယနေ့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူလေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရပြီး ယနေ့တွင် ပြခန်းများသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့် ဗဟုသုတမေးခွန်းများကို မေးမြန်း၍ ဖြေဆိုနိုင်သူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေးဌာနခွဲမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။
သိမ့်သိမ့်မိုး
ဓာတ်ပုံ- လှဝင်း(နတ်မောက်)