Skip to main content

အိန္ဒိယသမ္မတနိုင်ငံက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်းသည့် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (Bhabhatron-II and Imagin) လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁၈

အိန္ဒိယသမ္မတနိုင်ငံက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်းသည့် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (Bhabhatron-II and Imagin) လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆေးကုသဆောင်သစ် အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးတို့သည် Bhabhatron-II and Imagin စက်များထားရှိသည့် စက်ခန်းရှေ့ရှိ ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး Bhabhatron-II and Imagin စက်များအသုံးပြုမှုကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ရန်ကုန်ဆေးရုံကြီး ခုနစ်ထပ်ကုသဆောင်သစ် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Shri Abhay Thakur က Bhabhatron-II and Imagin စက်များလှူဒါန်းရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ ယခုလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံရှိ ဓာတ်ရောင်ခြည်ကုထုံး လိုအပ်လျက်ရှိသည့် ကင်ဆာရောဂါဝေဒနာရှင်များကို အချိန်နှင့်တစ်ပြေးညီ ကုသမှုပိုမိုလုပ်ဆောင်နိုင်ရေး ရည်ရွယ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ စစ်တွေနှင့်နေပြည်တော်ရှိ ဆေးရုံများသို့ ဆေးဘက်ဆိုင်ရာကိရိယာများထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အပံ့များပေးအပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကျန်းမာရေးကဏ္ဍတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါသည် သေဆုံးမှုနှုန်း အမြင့်ဆုံးရောဂါတစ်ခုဖြစ်ပြီး ယခုလှူဒါန်းသည့် Bhabhatron-II ကင်ဆာဓာတ်ရောင်ခြည်ကုထုံးစက်သည် တစ်ရက်လျှင် ကင်ဆာလူနာ ၇၀ ခန့် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသနိုင်သည့်အတွက် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို အချိန်နှင့်တစ်ပြေးညီကုသရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် Imagin စက်သည် အဆင့်မြင့်ပုံရိပ်နည်းပညာသုံးစက်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြင့် တိကျသည့် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အိန္ဒိယနှစ်နိုင်ငံသည် အပြန်အလှန်အလေးထားမှုဖြင့် အားကောင်းသည့် သံတမန်ဆက်ဆံရေးတည်ရှိပြီးဖြစ်ကာ ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းသုတေသနများ၊ တိုင်းရင်းဆေးပညာ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများတင်ပို့မှုနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့် တင်ခြင်းနယ်ပယ်များတွင် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊ ယခုလှူဒါန်းမှုဖြင့် နှစ်နိုင်ငံအကြား ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကင်ဆာရောဂါလူနာကုသမှုများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံသံအမတ်ကြီးက လှူဒါန်းသည့်စက်ပစ္စည်းပုံစံငယ်ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းများအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံးတပ်ဆင်ခဲ့ပြီး ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက်အသစ်တစ်လုံး ထပ်မံတပ်ဆင်ခြင်းဖြစ်သည်။ ထို့ပြင် နေပြည်တော်တွင် PET-CT and Cyclotron စက်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးစင်တာတွင် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက် အသစ်သုံးလုံးကိုလည်းကောင်း မကြာမီတွင်တပ်ဆင်၍ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များအတွက် ဆေးကုသမှုလုပ်ငန်းများကို ပိုမိုတိုးမြှင့်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၁၀ ဘီလီယံကျော်အသုံးပြု၍ ကင်ဆာရောဂါကုသသည့်ဆေးဝါးများကို တိုးမြှင့်ဝယ်ယူပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ ကင်ဆာရောဂါကုသသည့် ခေတ်မီစက်ကိရိယာများကို တိုးချဲ့တပ်ဆင်ခြင်းအားဖြင့် နေ့စဉ်ကင်ဆာရောဂါလူနာများကို ပိုမိုကုသမှုပေးနိုင်မည်ဖြစ်ပြီး ကင်ဆာရောဂါဝေဒနာရှင်များအတွက် များစွာအကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်