Skip to main content

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး၊ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဖြတ်သန်းဝင်ရောက်သည့် နိုင်ငံသားများရှိ၍ ပိုမိုဂရုစိုက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသောဒေသများမှ ပြန်လည်ဝင်ရောက် လာသူများကို နယ်စပ်ဂိတ်များတွင် စနစ်တကျကြီးကြပ်စစ်ဆေးရန်နှင့် လိုအပ်ပါက Facility Quarantine ထားရှိသွားရန်၊ ဆည်/တမံများ ရေသိုလှောင်ထားရှိမှုအခြေအနေများ စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းမှုလုပ်ငန်းများအတွက် လိုအပ်သောထောက်ပံ့ခြင်းများ စနစ်တကျ ဖြစ်စေရန်နှင့် ယခင်နှစ်ရေကြီးနစ်မြှုပ်မှုများအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်များအား သေချာစွာ ဂရု ပြုပြီး ဆောင်ရွက်သွားရန်တို့အား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ကိုဗစ်-၁၉ ကာလအတွင်း ရန်ပုံငွေစီစဉ်ထားရှိမှု လုံခြုံရေးစီမံချက်အတိုင်း ဆောင်ရွက်နေမှု၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများ ဆောင်ရွက်နေမှု၊ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ်ထားရှိမှုတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အစိုးရအဖွဲ့မှ ဖြည့် ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီး ချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)