Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် ရွှေဝါထွန်း(၂) သမဝါယမအသင်းနှင့် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးထုတ်လုပ်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ရိမ်းဘိုးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ မြန်မာ Uni Seimer ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရွှေဝါထွန်း (၂) သမဝါယမအသင်းနှင့် မြန်မာ Uni Seimer ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သီးနှံစိုက်ပျိုးရာတွင် လိုက်နာရမည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် စိုက်နည်းစနစ်လေးမျိုးကို မှန်ကန်စွာအသုံးပြုဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့်လည်း ဈေးနှုန်းသက်သာပြီး အရည်အသွေးမှန်ကန်သောမျိုးနှင့် သွင်းအားစုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို တောင်သူများ လက်ဝယ်စိုက်ပျိုးချိန်အမီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သမဝါယမအသင်းသားများအနေဖြင့် မိမိတို့၏စိုက်ပျိုးမြေအရည်အသွေး၊ အမျိုးအစား၊ မြေပြင်အခြေအနေတို့ကိုသိရှိအောင် ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမယ်စုံစိုက်ပျိုးနေမည့်အစား မြေနှင့်ကိုက်ညီသော၊ အထွက်နှုန်းမြင့်မားသော၊ စီးပွားဖြစ်မည့် အဓိကသီးနှံများကို သာရွေးချယ်စိုက်ပျိုးစေလိုကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်အစီအမံများ ရေးဆွဲစီစဉ်ထားစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းနှင့် ရိမ်းဘိုးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းစိုက်ပျိုးခဲ့သော နွေစပါးဧက ၂၀ ရိတ်သိမ်း ခြွေလှေ့မည့်အခြေအနေ၊ ဝါများစိုက်ပျိုးထားမှုနှင့် အခြားသီးနှံများစိုက်ပျိုနိုင်ရေး မြေယာပြုပြင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးကသီးနှံများ အလေအလွင့်မရှိစေရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းရေး၊ အမိုးအကာအောက်သို့ အချိန်မီရောက်ရှိရေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်