နေပြည်တော် ဇူလိုင် ၁၈
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကစီးပွားရေးရည်မှန်းချက်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရေး၊ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး၊ အခွန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ တရားမဝင်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှု၏ နိုင်ငံအပေါ်ထိခိုက်မှုများကို ပြည်သူများသိရှိ နားလည်အောင် အသိပညာပေးရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ရန်နှင့် စားသုံးသူများ အကာအကွယ်ပေးနိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့တက်ရောက် လာကြသူများ၏ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း များနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းတို့မှ အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်အားကစားနှင့်ကာယ ပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကိုပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်