နေပြည်တော် ဇူလိုင် ၁၈
တိရစ္ဆာန် ကျန်းမာရေးနှင့်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အပြီးသတ်ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဆိုပါဥပဒေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေးစခန်း (AQS) တည်ထောင်ခြင်းဝန်ဆောင် မှုလုပ်ငန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် လျှောက်ထားလာမှုများရှိသော်လည်း ဥပဒေတွင် ယင်းပြဋ္ဌာန်းချက် မပါဝင်သဖြင့် မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးသကဲ့သို့ တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့် စစ်ဆေးရေးစခန်း (AQS) တည်ထောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွင့်ပြုလက်မှတ်ထုတ်ပေး၍မရခြင်း၊ သားသတ်ရုံလုပ်ငန်းနှင့် သားသတ်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းဖြစ်ပြီး ခွင့်ပြုလက်မှတ် သက်တမ်းတိုးနိုင်သည့် ဖော်ပြချက်များ မပါရှိသည့်အတွက် အဆိုပါ သားသတ်ရုံလုပ်ငန်းနှင့် သားသတ်ခြင်းလုပ်ငန်းများ သက်တမ်းတိုးနိုင်ရန် လိုအပ်လျက်ရှိခြင်းတို့ကြောင့် ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်၍ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ရေးဆွဲရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ပြင်ဆင်ရန်လိုအပ်ကြောင်းတွေ့ရှိရသဖြင့် အဆိုပါဥပဒေ (မူကြမ်း) ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်