နေပြည်တော် ဇူလိုင် ၁၈
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်က ပြည်သူများစိတ်ပါဝင်စားလာစေရေးအတွက် အမျိုးသားအားကစားပွဲတော်နှင့် ဂုဏ်ပြုအစီအစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာအပါအဝင် နိုင်ငံပိုင်မီဒီယာများမှ ပွဲတော်မတိုင်မီကာလတွင် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ပွဲတော်ကာလအတွင်း ပြိုင်ပွဲယှဉ်ပြိုင်မှုများကို နိုင်ငံပိုင်မီဒီယာများနှင့် ပြင်ပမီဒီယာများ၊ အားကစားမီဒီယာများမှ အချိန်မီသတင်းထုတ်ပြန်နိုင်ရေးနှင့် မှတ်တမ်းတင်ရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ရန်၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား တိုက်ရိုက် (Live) ထုတ်လွှင့်ရန်၊ နေ့စဉ်သတင်းလွှာထုတ်ဝေရန်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပမှု မှတ်တမ်းပြုစုဆောင်ရွက်ရန်၊ အားကစားသမားများ တည်းခိုနေထိုင်မည့်နေရာ၌ စာအုပ်စာစောင်စုံလင်စွာဖြင့် စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင် ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေးဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်နိုင်ရေး၊ အားကစားပြိုင်ပွဲများ နေရာအလိုက်ရိုက်ကူးထုတ်လွှင့်နိုင်ရေး၊ သတင်းရယူထုတ်လွှင့်ဖော်ပြမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက အားကစားသမားများ တည်းခိုနေထိုင်ရာနေရာ၌ စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင် ဖွင့်လှစ်နိုင်ရေး၊ သတင်း၊ ဆောင်းပါး၊ အင်တာဗျူးများဖော်ပြနိုင်ရေး၊ ပွဲတော်ကျင်းပနေစဉ် သတင်းလွှာထုတ်ဝေနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ ဖိတ်ကြားနိုင်ရေး၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးစသဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်