နေပြည်တော်၊ စက်တင်ဘာ ၁၁
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဘိုးအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မိုင်ဆွန်ခ - မင်္ဂလာပါခင်ဗျား
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကျွန်တော် စိုင်းဘိုးအောင်က ဦးစွာဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားပြည်သူများခင်ဗျား
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ယုံကြည်ချက်၊ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒသဘောထားနှင့် အဓိကရည်မှန်းချက်များကို ကျွန်တော်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီသည် “လူလူချင်းဖိနှိပ်ချုပ်ချယ်မှုကင်းခြင်း၊ တိုင်းရင်းသားလူမျိုးများအကြား ရင်းနှီးချစ် ကြည်ခြင်း၊ လူမှုအခြေခံအခွင့်အရေးများ တန်းတူညီမျှမှုရရှိခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းများနှင့် ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မှသာလျှင် စည်းလုံးညီညွတ်၍ တည်ငြိမ်အေးချမ်းကာ တည်တံ့ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု အလေးအနက်ယုံကြည်ပါတယ်”
ဒါကြောင့်မို့လို့ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒနှင့် ရည်မှန်းချက်မှာ နံပါတ် (၁) အရေးကြီးအချက်အဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဟူ၍ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား
၁၉၄၈ လွတ်လပ်ရေးရပြီးသည်မှစ၍ ကျွန်တော်တို့နိုင်ငံဟာ ငြိမ်းချမ်းမှုအရသာမခံစားရတာကို ပြန်လည်သုံးသပ်ကြည့်ရင် ကွဲပြားသောနိုင်ငံရေးစနစ် လက်ခံယုံကြည်မှုကြောင့်လည်းကောင်း၊ အထူးသဖြင့် ပြည် နယ်ရှိ လူနည်းစုတိုင်းရင်းသားများက မိမိတို့အပေါ် နိုင်ငံရေးအခွင့်အရေးအရ မမျှတသော တန်းတူညီမျှမှုမရှိသော ခွဲခြားဆက်ဆံမှုမျိုးရှိသည်ဆိုသည့် ခံစားချက်ကြောင့်လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများ ပေါ် ပေါက်ကာ တည်ငြိမ်အေးချမ်းမှုကို ယနေ့တိုင် မရရှိနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများလိုလားတောင့်တသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးတို့ဟာ အပြန်အလှန် မှီတည်နေတာဖြစ်ပါတယ်။
ကျွန်တော်တို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် မိမိတို့ ပါတီမူဝါဒအတိုင်း ထိပ်တိုက်ရင်ဆိုင်ရေး/ ဆန့်ကျင်ရေးကို ဦးစားမပေးဘဲ နိုင်ငံရေးစားပွဲဝိုင်းမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ကာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား သာတူညီမျှသော အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ ဘဏ္ဍာရေးဆိုင်ရာခွဲဝေမှုများရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသလို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍမှာ-တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းဖြင့် လည်းကောင်း၊ တစ်ဖွဲ့ချင်း အစုအဖွဲ့ တစ်စုချင်းစီနှင့် နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းအဖြေရှာနည်းဖြင့် လည်းကောင်း၊ ငြိမ်းချမ်းရေးညီလာခံများမှာ သဘောတူညီချက်ရရေး ဆွေးနွေးဆုံးဖြတ်ခြင်းဖြင့် လည်းကောင်း ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် နိုင်ငံ ရေးပါတီများ အခန်းကဏ္ဍကနေ တက်ကြွလှုပ်ရှား ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(NCA)၏အခန်း(၁) အခြေခံမူများအပိုဒ်(က)အရ- တိုင်းရင်းသားများ လိုလားတောင့်တသည့် အာမခံချက်များ အပြည့်အဝရှိသော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်အခြေခံ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့် အညီ တည်ဆောက်သွားမယ့် လုပ်ငန်းစဉ်များမှာ နိုင်ငံရေးပါတီများ အခန်းကဏ္ဍ ကနေ တက်ကြွလှုပ်ရှားပါဝင်ဆောင်ရွက်ဆဲ ရှေ့ဆက်လည်း ပါဝင်ဆောင်ရွက်သွားမယ့်အကြောင်း ပြည်သူများကို တင်ပြလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား
ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရည်မှန်းချက်(၂)ကတော့ ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုကို အခြေပြုသည့် ပြည်နယ်အစိုးရဖွဲ့စည်းရေး ဖြစ်ပါတယ်။ မိမိတို့ဌာနေ တိုင်းရင်းသားသည်သာလျှင် မိမိတို့ပြည်နယ်/ဒေသ လိုအပ်ချက်ကို မိမိအသိဆုံး၊ တိုးတက်ဖွံ့ဖြိုးအောင် ဘက်မျှအောင် ဘယ်လိုစီမံ ဆောင်ရွက်ရမှာကို အသိဆုံးဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတို့လက်ထဲမှာမိမိကံကြမ္မာကို ဖန်တီးနိုင်ခွင့်ရှိတဲ့ အုပ်ချုပ်မှုစီမံခန့်ခွဲမှုအာဏာရှိမှသာလျှင် မိမိတို့ပြည်နယ်ကို အလှဆင်နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား
၂၀၁၉ ခုနှစ် အောက်တိုဘာလက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)ရဲ့ အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးဆိုင်ရာ ထုတ်ပြန်ချက်မှာကျွန်တော်တို့နိုင်ငံသား တစ်ဦးချင်းဝင်ငွေဟာ တစ်နှစ်မှာ ဒေါ်လာ(၁၂၄၄) တစ်နည်းအားဖြင့် ကျပ် ၁၇ ဒသမ ၄ သိန်း (တစ်ရက်-၄၈၀၀ကျပ်)ခန့်သာ ရှိပါတယ်။ တစ်ဦးချင်းဝင်ငွေသည် စားဝတ်နေရေးကို ထောက်ကူပေးနိုင်စွမ်းမရှိလျှင် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာမှာဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုလည်း နိမ့်ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ စီးပွားရေးဆိုင်ရာရည်မှန်းချက်သည် လူတစ်ဦးချင်း၏ စီးပွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုရာမှာ ပြည်နယ်အဆင့် နိုင်ငံရေးအာဏာ ခွဲဝေသုံးစွဲရေးက အရေးကြီးသလို ဒေသန္တရအုပ်ချုပ်ရေး ကဏ္ဍမှာလည်း ဒေသခံဌာနေတိုင်းရင်းသားများ ပူးပေါင်းပါဝင်ရေးက အရေးကြီး ပါတယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေသန္တရအုပ်ချုပ်ရေးကို ဝန်ကြီး ဌာနတစ်ခုကိုသာ တာဝန်ခံသော နိုင်ငံ့ဝန်ထမ်းများကသာ စီမံခန့်ခွဲဆောင်ရွက် ပိုင်ခွင့် ပေးထားပါတယ်။ ရပ်မိရပ်ဖ၊ မြို့နယ်/ခရိုင် အထောက်အကူပြုကော်မတီ စသည်ဖြင့် ဌာနေပြည်သူများ ပူးပေါင်းပါဝင်မှုပြုစေသော်လည်း ဆုံးဖြတ်ချက်ချမှု၊ အကောင်အထည်ဖော်မှုအပိုင်းများမှာ ဌာနေတိုင်းရင်းသားပြည်သူများ ပါဝင်ခွင့်မရှိသ ဖြင့် ဌာနေဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများမှာ ပြည်သူ့ဆန္ဒနှင့်အညီ ဖော်ဆောင်နိုင်မှု အားနည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီက ဒေသန္တရအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ဌာနေတိုင်းရင်းသားပြည်သူများ ပါဝင်ခွင့်ရရေးကိုလည်း ရွေးကောက်ပွဲဝင်ရည်မှန်းချက်အဖြစ် ထားရှိ ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နယ်မြေဒေသတစ်ခုမှစ၍ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကဏ္ဍ တိုး တက်ဖွံ့ဖြိုးရေးဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လက်တွေ့အသုံးချပညာရေးနှင့် ခေတ်မီအဆင့်မြင့်ပညာရေး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေဖို့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲကြရပါတယ်။ ကျွန်တော်တို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းနေသေးသည့်ကာလမှာ လူမှုဘဝဖွံ့ဖြိုးရေးကို အထောက် အကူပြုသည့် လက်တွေ့အသုံးချပညာရေးကိုပိုမိုတွန်းအားပေးရန် လိုအပ်တယ်လို့ မြင်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပညာရေးဆိုင်ရာ မူဝါဒအပိုဒ်(၅)မှာ အနာဂတ်ဘဝကိုအာမခံချက်ပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်ရန် စီမံဆောင်ရွက်မည်လို့ ပြဋ္ဌာန်းပါရှိပါတယ်။ ဒါကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် လူမှုဘဝဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် ပညာရေးစနစ် အကောင်အထည်ဖော်ရေးကိုလည်း ရည်မှန်းချက်တစ်ရပ်အဖြစ် ထားရှိပါကြောင်း တင်ပြ လိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန်မှာ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ ကျော်ဖြတ်ရမယ့် တံခါးတစ်ချပ် ဖြစ်ပါတယ်။ ဒီတံခါးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ရာ လူထုက မှန်မှန်ကန်ကန် မဲပေးပါမှ၊ ကိုယ့်ကို ကိုယ်စားပြုပြီး နိုင်ငံ့အရေး ဆောင်ရွက် ပေးမယ့် ကိုယ်စားလှယ်နဲ့ ပါတီကို မှန်မှန်ကန်ကန်ရွေးပေးပါမှ လိုရာ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ခိုင်မာသော ယုံကြည်ချက် ရည်မှန်းချက်နှင့် အနာဂတ်အတွက် ကြိုတင်စီမံချက်ရှိပြီး မိမိဌာနေဒေသနဲ့ ပြည်သူများအတွက် အမှန်တကယ်ကိုယ်စားပြု အလုပ်လုပ်ပေးနိုင်မယ့်သူကို ရွေးချယ်ရရှိဖို့ လိုအပ်ပါတယ်။ မိမိရွေးချယ် မဲပေးလိုသူ ကိုယ်စားလှယ်လောင်းရဲ့ ပါတီအမှတ်တံဆိပ်ဘေးက အကွက်ထဲမှာ တံဆိပ်တုံး တိတိကျကျရိုက်ပေးပါလို့ တိုက်တွန်းလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား-
နောက်ဆုံးအနေနဲ့ ပြောကြားချင်တာကတော့-
ကျွန်တော်တို့အားလုံးဟာ ဒီမြေမှာနေ ဒီရေကိုသောက် ဒီဒေသ ဒီနိုင်ငံမှာနေပြီး ကိုယ့်ဘဝကို တည်ဆောက်နေကြတဲ့သူများပီပီ ဒီမြေ ဒီနိုင်ငံ ဒီပြည်သူများ ကြီးပွားဖွံ့ဖြိုးမှုအတွက် နိုင်ငံသားကောင်းပီသစွာဖြင့် မှန်ကန်စွာ ရွေးချယ်မဲပေး၍ အမိမြေကျေးဇူးကို ဆပ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကတော့ အကောင်းဘက်သို့ ပြောင်းလဲဖို့ မိမိယုံကြည်ချက်ကို အရင်းတည်၍ ပြည်ထောင်စုဘဝသစ် တည်ဆောက်နိုင်ရန် မြဲမြံသောအဓိဋ္ဌာန်ပြုလျက် ရှေ့သို့ချီတက်နေမြဲ ဆက်လက်ချီတက်နေမည်ဖြစ်ပါကြောင်း-
တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှထည့်သွင်းတင်ပြလိုသည့်တေးသီချင်း၏ စာသားဘာသာပြန်ဆိုချက်
• (ရှမ်း-ဒီ) သည်ပြည်နယ်အရေးစီမံမည်၊ (ရှမ်း-ဒီ)သည်ပြည်နယ်အရေး ဦးဆောင်မည်၊
(ရှမ်း-ဒီ) သည်သမိုင်းကောင်းရေးထိုးမည်၊ (ရှမ်း-ဒီ) သည် ပြည်ငြိမ်းအေးဖို့ ကူညီမည်။
• မဲပြား၃ချပ်သည်ပြည်သူများက ဓားသွားလိုထက်ဖို့ ဆောင်ကြဉ်း ပေးမည့်အရာ ဖြစ်သည်။
မဲပြား၃ချပ်သည် ပြည်သူများကို စည်းရုံးရေးလမ်းစမြင်ရဖို့ တွန်းအားပေးသည့်အရာ ဖြစ်သည်။
ပြည်သူများ နက်နက်နဲနဲ တွေးတောစဉ်းစားကြစေလို၊ မြင့်မြင့်မားမား တွေးဆကြစေလို၊
မဲပြားထည့်ဖို့ တာဝန်ဟာ ပြည်သူ့ပခုံးပေါ်ကျလာပြီ၊ ပြည်သူ့ ပခုံးပေါ် ရောက်လာပြီ။
ပျိုရွယ်သူမှအစ အိုမင်းပြည်သူများအဆုံး အားလုံးမဲပြားများ သွားပေးကြပါရန်။
• ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် အစဉ်ကြံ့ခိုင်သော အဖွဲ့အစည်းဖြစ်ပါသည်။
လူတိုင်းအသိအမြင်ပွင့်ဖို့ အမျိုးသားရေးအတွက် အားအင်ဖြစ်ဖို့ လုပ်ဆောင်နေ။
• ဆုံးဖြတ်ပါ။မကြောက်ပါနဲ့။လုပ်ပါဆောင်ရွက်ပါ ဝေဝါးမနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှသာ သမိုင်းလှလှ ရေးထိုးနိုင်ပါမယ်။ နက်နက်နဲနဲတွေး၊ မြင့်မြင့်မားမားကြံဆ တိတိကျကျဆုံးဖြတ် အပြောနဲ့ လက်တွေ့ ထပ်တူကျပါစေ။ ရွှံ့နွံထဲကို ခလုတ်တိုက် မကျပါစေနဲ့။
*(ရှမ်း-ဒီ) = ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ