နေပြည်တော် ဇူလိုင် ၁၇
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ အသိပညာမျှဝေဆွေးနွေးပွဲကို “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက “How to fight Age Related Problems” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ သတိပြုလိုက်နာဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရာသီအပြောင်းအလဲကြောင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်နိုင်သည့်အချက်များကို ရှင်းလင်းကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သတ်မှတ်နေရာများ၌ နေပြည်တော် သွားနှင့် ခံတွင်းအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့က ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ သွားနှင့် ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်စန္ဒာ ဦးဆောင်သောအဖွဲ့က ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်