Skip to main content

ပြည်သူတို့၏လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ လက်ငင်းအကျိုးစီးပွားကို အစွမ်းကုန်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၇

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အမှတ်စဉ် (၇) ၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကို ထိရောက်စွာ ဝန်ဆောင်မှုပေးရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ အသိပေးဆောင်ရွက်ခြင်း၊ ပြည်သူများ၏ အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ဆောင်ရွက်ခြင်း၊ ပြည်သူကို ခွဲခြားဆက်ဆံခြင်းကင်းစွာဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ ပြည်သူတို့၏လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့၏ လုပ်ရည်၊ ကိုင်ရည်နှင့် စွမ်းရည်တို့ကို မြှင့်တင်ကာ ပြည်သူများ၏ လက်ငင်းအကျိုးစီးပွားကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ဆောင်ရွက်ပြီး ပြည်သူ့တို့၏ ယုံကြည်ကိုးစားမှု ခံယူထိုက်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်း သား ၁၁၂ ဦး၊ သင်တန်းသူ ၁၃၄ ဦး စုစုပေါင်း ၂၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇူလိုင် ၁၇ ရက်အထိဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်