နေပြည်တော် ဇူလိုင် ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အကြား ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မိသားစုစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မိတ်ဖက်အဖွဲ့အစည်း၏ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကို နှစ်ဦးနှစ်ဖက်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် သင်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်