နေပြည်တော် ဇူလိုင် ၁၇
PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည် သူ ၃ ဦး သေဆုံးပြီး ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၅ နာရီ ၂၀ မိနစ်မှ ၆ နာရီ ၂၀ မိနစ်အထိ ပခုက္ကူမြို့အနောက်တောင်ဘက် မီတာ ၁၇၀၀၀ ခန့် အကွာတွင်ရှိသော အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းသိရှိရပြီး ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမ ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဒေသခံပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။