Skip to main content

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲ ပြုလုပ်

နေပြည်တော် ဇူလိုင် ၁၇

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျင်းပပြုလုပ်ရာ မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ Major General Denis Vladimirovich DAYDOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံများအား အပြန်အလှန်သုံးသပ်ဆွေးနွေးခြင်း၊ ဆေးဘက်ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်ဆိုင်ရာသင်ကြားရေးနှင့် လေ့ကျင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးတပ်ဖွဲ့များအကြား ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးကြသည်။ ယင်းနောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး သမိုင်းမှတ်တမ်း Video Clip ကို ကြည့်ရှုကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ရုရှားတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသမှုဌာနသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးအား ဂါရဝပြုတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပင်မတပ်မတော်ဆေးဘက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။