Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း များအား ဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့၊ ဖြိုးဝေဝေစက္ကူနှင့်စာအုပ်ထုတ်လုပ်ရေး စက်ရုံ ရေဘေးသင့်မှုနှင့် J2A အထည်ချုပ်စက်ရုံလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၇

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့သည်။

အဆိုပါ တွေ့ဆုံပွဲကို တက္ကသိုလ်ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင် ၃၀ ရက်နေ့ ညတွင် မြစ်ရေသည် လျင်မြန်စွာဖြင့် စံချိန်တင်မြင့်တက်ခဲ့ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏ပူးပေါင်းမှုအားဖြင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြစ်ရေကျဆင်းပြီး နောက်ဆက်တွဲ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ပြန်လည်ထူထောင် ရေးတစ်ရပ်အနေဖြင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ လာ ရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့်ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအတွက် ဆန်အိတ် (၁၅၀)၊ ခေါက်ဆွဲခြောက်ဖာ (၄၅) ဖာနှင့် ကြက်ဥအလုံး ၃၀၀၀ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဝင်းအတွင်း ရေဝင်ရောက်မှုကြောင့် ထိခိုက်ခဲ့မှု အခြေအနေများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်မှုများအတွက် အမြန်ဆုံးပြန်လည်ဖြည့်ဆည်း ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးဝန်ထမ်းများက မြစ်ရေပြန်လည်ကျဆင်းပြီး နောက်ဆက်တွဲကူးစက်ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် တက္ကသိုလ်ဝင်းအတွင်းရှိ ရေတွင်း/ရေကန်များအား နုန်းမြေများစုပ်ထုတ်ခြင်း၊ ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရေတွင်းရေကန်များ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ၊ ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကွင်းဆင်းအဖွဲ့ပေါင်း ၂၄၆ ဖွဲ့ ပူးပေါင်းအဖွဲ့လူဦးရေ ၇၀၀ ကျော်တို့ဖြင့် ရေတွင်း၊ ရေကန်များတွင် ကလိုရင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဖြိုးဝေဝေစက္ကူနှင့်စာအုပ် ထုတ်လုပ်ရေးသမဝါယမလီမိတက် စက်ရုံသို့သွားရောက်ပြီး မြစ်ရေဝင်ရောက်၍ စက်လည်ပတ်မှုရပ်ဆိုင်းထားရသည့် အခြေအနေများကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိခိုက်ပျက်ဆီးမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်နယ်တွင်း ပထမဆုံးဖြစ်သော အထည်ချုပ်စက်ရုံတစ်ခုဖြစ်သည့် J2A အထည်ချုပ်စက်ရုံသို့သွားရောက်ခဲ့ကြပြီး စက်ရုံအတွင်း ဒေသခံလူငယ် ၁၀၀ ကျော်တို့အား အလုပ်အကိုင်အခွင့်အလမ်းပေးထားမှု၊ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်မှုလုပ်ငန်းမှတ်ပုံတင်ရရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပေးနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရုံး (ခါကာဘိုရာဇီခန်းမ) ၌ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအလှူရှင်များ၏ လှူဒါန်းပွဲသို့တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး အလှူရှင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ မြစ်ကြီးနားအခြေစိုက်ဆက်ဆံရေး ရုံး (ထိန်မိန် ကုမ္ပဏီဆက်ဆံရေးရုံးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့က အလှူငွေကျပ် သိန်း ၅၀ ၊ ဆန်အိတ် (၁၅၀)၊ ကြက်ဥ ၁၀၈၀၀ လုံး၊ ပိုးသတ်ဆေးရည် (၄၀၀)ပုလင်း၊ အကိုက်အခဲပျောက်ဆေးနှင့် အဖျားကျဆေး (၃၆၀) ဗူး ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)