Skip to main content

Myanmar Tourism Strategic Recovery Roadmap ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၁

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Protocol လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု (Lux Dev) သည် ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအမြန်ဆုံး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲရေးကို အကောင်အထည် ဖော်လျက်ရှိရာ MTSRR ရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့၏ Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် MTSRR (မူကြမ်း) အားရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ၌ Social distancing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ MTSRR Expert Team မှ Team Leader Dr. Paul Penfold နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခု Myanmar Tourism Strategic Recovery Roadmap 2021-2025 (MTSRR) ကို ကိုဗစ်-၁၉ အလွန်တွင် ခရီးသွား လုပ်ငန်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်၏ စီးပွားရေးကို အဓိကအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အနာဂတ်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးလမ်းညွှန်ကို (၅)နှစ်စာ စီမံကိန်းအဖြစ် ရေးဆွဲရန်ဖြစ်ပါကြောင်း၊ MTSRR ရေးဆွဲရာတွင် သတ်မှတ် ကာလအတွင်း အချိန်မှီပြီးစီးရန်နှင့် ခရီးသွားလုပ်ငန်း အမျိုးအစား အမျိုးမျိုးပေါ် အကျိုးသက်ရောက်မှု ရှိရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း အသက်ရှင် ရပ်တည်နိုင်ရန် ခက်ခဲနေချိန်တွင် လက်ရှိအခြေအနေနှင့် လိုက်ရောညီထွေမှုရှိသော MTSRR ဖြစ်လာစေရန်အတွက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် MTSRR Expert Team မှ ကျွမ်းကျင်ပညာရှင်များက Myanmar Tourism Strategic Recovery Roadmap (2021-2025) မူကြမ်းရေးဆွဲပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တက်ရောက် လာသူများက MTSRR (မူကြမ်း) အပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)