နေပြည်တော် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “ရွှေလက်ကမ်း၍ကြိုလျက်ပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များအပေါ်မူတည်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း။ ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းနှင့်ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မျှော်မှန်း၍ လက်တွေ့ကျပြီး စနစ်တကျဆောင်ရွက်နိုင်သည့်အစီအမံများကို တက်ရောက်လာကြသူများအားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း၊ ယခုဖိုရမ်မှရရှိလာမည့် ဆွေးနွေးမှုရလဒ်များကိုလည်း အထူးဂရုပြုအလေးထားပြီး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များပါဝင်သည့် အဖွဲ့ငါးဖွဲ့ဖွဲ့၍ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးဆောင်ရွက်မည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုစေနိုင်မည့် စီမံချက် (Yangon Regional Tourism Development Plan) ကို ရေးဆွဲနိုင်ရေးဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ယိမ်းအဖွဲ့က “သွေးချင်းတို့ရဲ့မြေ” သီချင်းဖြင့် ကပြဖျော်ဖြေသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးတို့က အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ယိမ်းအဖွဲ့နှင့် ဖိုရမ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူများကို ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်ကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဖိုရမ်ကိုဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၏ အခန်းကဏ္ဍနှင့်လုပ်ငန်းများ ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး အဖွဲ့ငါးဖွဲ့ခွဲကာ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ ဆွေးနွေးပွဲရလဒ်များကို သုံးသပ်တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်