Skip to main content

အမျိုးသားပြတိုက် (နေပြည်တော်) ၉ နှစ်ပြည့်အထိမ်းအမှတ် မြန်မာ့ရက်ကန်း လက်မှုအနုပညာအထူးပြပွဲ ဖွင့်လှစ်ပြသ

နေပြည်တော် ဇူလိုင် ၁၅

အမျိုးသားပြတိုက်(နေပြည်တော်)ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်း လက်မှုအနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါပြတိုက်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ဖွင့်လှစ်ပေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် မြန်မာ့ရက်ကန်း လက်မှုအနုပညာအထူးပြပွဲ၌ မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိပ်ဒီဇိုင်းများ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့သည့်အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး(၈)မျိုး၏ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ကြောင်း၊ အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်း လက်မှုအနုပညာ မတိမ်ကော မပပျောက်စေရန်၊ ပြည်သူလူထုအနေဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို အားပေးကြရန်နှင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာကြစေရန်အတွက် ပြတိုက်များက ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အထူးပြပွဲ ပြသရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် အထူးပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှု အထောက်အထားများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ-သုံးထောင်ခန့်ကပေါ်ထွန်းခဲ့သည့် ကြေးခေတ်၊ သံခေတ် ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့အစည်းများတွင် ချည်ထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည့် အထောက်အထားများပြကွက်၊ ပျူခေတ်တွင်တွေ့ရှိရသော ဝတ်စားဆင်ယင်မှု အထောက်အထားများအရ ချည်ထည်ရက်လုပ်သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့် အထောက်အထားများ ပြကွက်၊ ပုဂံခေတ်အဝတ်ပန်းချီများ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာ ချည်ထည်ရက်လုပ်သုံးစွဲမှုအဆင့်ဆင့် ပြကွက်များ၊ အချိပ်ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး(၈)မျိုးတို့၏ ဝတ်စားဆင်ယင်မှု ပြသထားသည့် ပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အမျိုးသားပြတိုက်(နေပြည်တော်)ကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်ဖွင့်လှစ်ပြသခဲ့သဖြင့် ယနေ့တွင် (၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အမျိုးသားပြတိုက်(နေပြည်တော်) တွင် အဆောင်ငါးဆောင်ပါဝင်ကာ ပြခန်း ၁၃ ခန်းကို အများပြည်သူအား ဖွင့်လှစ်ပြသလျက်ရှိကြောင်းနှင့် မြန်မာ့ရက်ကန်း လက်မှုအနုပညာအထူးပြပွဲကို ဇူလိုင် ၁၆ ရက်မှ ၂၈ ရက်အထိ အခမဲ့ ၁၀ ရက် ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်