နေပြည်တော် ဇူလိုင် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် မန်ကျည်းပင် စုစုပေါင်းအပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ယခုနှစ်၏ ပထမအကြိမ်နှင့် ယခင်နှစ်များက စိုက်ပျိုးထားရှိသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှုနှင့် ပြန်လည်အစားထိုး စိုက်ပျိုးထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်တည်းကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယနေ့စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း ၉၉၅၂ ပင်နှင့် ပထမအကြိမ်စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း ၁၂၇၀၀ အပါအဝင် စုစုပေါင်း ၂၂၆၅၂ ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစုဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်