တောင်ကြီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် RC နှစ်ထပ်ခွဲကျောင်းဆောင်အား ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုရာ မဘိမ်းမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့မှ လိုက်လံရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့များနှင့် မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးခင်အောင် က လာမည့်ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်မဲစာရင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းစိန်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး တို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေ ကျပ်(၁၀)သိန်းစီ ကို မြို့နယ် ကြက်ခြေနီအသင်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ ထောက်ပံ့ ပေးအပ် ၍လည်းကောင်း၊ မဘိမ်းမြို့နယ် လဝါကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲ RC နှစ်ထပ်ကျောင်းခွဲ ပြန်လည်ဆောက်လုပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း (၁၀၀၀)၊ ကမ္ဘောဇဘဏ်လီမီတက် မှ အလှူငွေကျပ်သိန်း (၂၀၀)၊ FOREVER GROUP မှ အလှူငွေကျပ် (၁၀၀)တို့ကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်တင်ကိုကို တို့မှပေးအပ်ရာ တာဝန်ရှိသူ အသီးသီးတို့မှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)