ငါန်းဇွန် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးရာတွင် ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၃၀)လုံး၊ အိမ်ထောင်စု (၅၁)စုနှင့် နွားကောင်ရေ(၂၃)ကောင်၊ အမှတ်(၂) ရပ်ကွက်ရှိ အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု (၅၁)စု၊ နွားကောင်ရေ (၃၀)ကောင်နှင့် ဝက်(၇)ကောင်၊ အမှတ်(၃) ရပ်ကွက်ရှိ အိမ်ခြေ (၃၈)လုံး၊ အိမ်ထောင်စု(၄၃)စုနှင့် နွားကောင်ရေ (၃၃)ကောင် အဆိုပါ နေအိမ်များရှိ လူ၊ ပစ္စည်းနှင့် တိရစ္ဆာန်များအား ဘေးလွတ်ရာ ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့လည်းကောင်း၊ အမှတ်(၁) ရပ်ကွက်ရှိ ရွှေကျောင်းမြောက်တိုက် ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းသစ်အနောက်တိုက်ဘုန်းတော်ကြီး ကျောင်းတို့တွင်လည်းကောင်း ကူညီရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)