Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မဘိမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များအား တွေ့ဆုံ

မဘိမ်း     စက်တင်ဘာ    ၁၁ 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မဘိမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်အောင် က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ပြုစုထားရှိမှု အခြေအနေကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော် မင်းစိန် က မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းများပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ က မဘိမ်းမြို့နယ် ကြက်ခြေနီအသင်းသို့ ငွေကျပ်(၁၀)သိန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ ငွေကျပ်(၁၀)သိန်း၊ Mask ၂၅၀၀ ခုနှင့် Glove ၄ ဘူး ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းစိန်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူရဇော် တို့က လက်ခံရယူကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် က ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများအနေဖြင့် နေအိမ်အပြင် ထွက်တိုင်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏဆေးရန်၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို စနစ်တကျလိုက်နာပြီး လူစုလူဝေး ရှိသည့်နေရာများကို ရှောင်ရှားကြရန်နှင့် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၊ စေတနာရှင်အလှူရှင်များ၊ မိဘပြည်သူများက ပူးပေါင်းကာကွယ် သွားကြရမည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။     

မျိုးမင်း (ပြန်/ဆက်)