နေပြည်တော် ဇူလိုင် ၈
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) ၌ ဆဋ္ဌမအကြိမ် အဘိဝိနယာစရိယ စာတော်ပြန်ပွဲကို ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့သွားရောက်ကြည်ညိုသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်အောင်မြင်ကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒနှင့် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်အောင်မြင်ကျောင်းရှိ သီလဝိသောဓနီ ဝိသုံဂါမ သိမ်တော်ကြီး၌ အဘိဝိနယာစရိယ စာတော်ပြန်ပွဲ ဖြေဆိုတော်မူကြသည့် ရဟန်း၊ သာမဏေများအား ကြည်ညိုခဲ့ကြသည်။
ယခုနှစ် ဆဋ္ဌမအကြိမ် စာတော်ပြန်ပွဲသို့ စာရင်းသွင်း ပထမအဆင့် ရဟန်း ၈၉ ပါး၊ သာမဏေ ၄၅ ပါး၊ ဒုတိယအဆင့် ရဟန်းငါးပါး၊ သာမဏေနှစ်ပါးနှင့် တတိယအဆင့် ရဟန်းခုနစ်ပါး စုစုပေါင်း ရဟန်း ၁၀၁ ပါး၊ သာမဏေ ၄၇ ပါးတို့ စာရင်းသွင်းခဲ့ပြီး ဝင်ရောက်ဖြေဆိုမှုမှာ ပထမအဆင့် ရဟန်း ၆၈ ပါး၊ သာမဏေ ၂၆ ပါး၊ ဒုတိယအဆင့် ရဟန်းလေးပါး၊ သာမဏေတစ်ပါးနှင့် တတိယအဆင့် ရဟန်းခြောက်ပါး စုစုပေါင်း ရဟန်း ၇၈ ပါး၊ သာမဏေ ၂၇ ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရေး စောင့်ရှောက်ထိန်းသိမ်းကြရာတွင် ဝိနယဂရုက လဇ္ဇီ ပေသလ သိက္ခာကာမ အရှင်မြတ်များစွာ ပေါ်ထွန်းလာစေရန်ရှေးရှု၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယ ဝံသပါလအသင်းကြီးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါအသင်းကြီးသည် အဘိဝိနယာစရိယ စာမေးပွဲကို အဆင့်သုံးဆင့်ခွဲကာ ဝိနည်း (၅) ကျမ်း ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ ဟောကြားချက်များကို နှံ့စပ်စုံစေ့စွာမေးမြန်းခြင်း၊ အာဂုံမေးခွန်းများကို မေးမြန်းခြင်းအပြင် ဝိနည်းလက်တွေ့ကျင့်သုံးမှုကို စိစစ်အကဲဖြတ်လျက်ရှိသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် အောင်မြင်ပါက အောင်မြင်ပြီးမြောက် ကြောင်းလက်မှတ် ဆက်ကပ်မည်ဖြစ်ပြီး တတိယ အဆင့်အောင်မြင်ပါက အဘိဝိနယာစရိယာ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်၍ အထူး အောင်မြင်သော ပုဂ္ဂိုလ်ပေါ်ထွန်းလာပါက ဝိသိဋ္ဌာဘိဝိနယာစရိယ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ အဘိဝိနယာစရိယစာတော်ပြန်ပွဲအား ၂၀၁၉ ခုနှစ်တွင် နေပြည်တော် လယ်ဝေးမြို့ ရန်ကင်း ကျောင်းတိုက်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ ၂၀၂၄ ခုနှစ်အထိ ဒုတိယအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) ၌ ကျင်းပခဲ့သည်။
ထူးခြားချက်မှာ စာမေးပွဲဖြေဆိုမည့် စားပွဲပေါ်တွင် သက်ဆိုင်ရာမေးခွန်းနှင့် သက်ဆိုင်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာအုပ်များကို အသင့်ချထားပေးပြီး ခက်ခဲနက်နဲသည့် ဝိနည်းအဆုံးအဖြတ် မေးခွန်းများကို ကျမ်းပြုစုရသည့်ပမာဖြေဆိုစေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်