ကော့သောင်း၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးပင်လယ်ကျွန်းရွာသို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် ပုလုံးတုံတုံးပင်လယ်ဖြတ်ကူး ကွန်ကရစ်တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်ကာ အများပြည်သူနှင့် မော်တော်ယာဉ်များအား စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
တံတားအား စတင်ဖြတ်သန်းသွားလာခွင့်ပြုသည့်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း၊ မြိတ်မြို့အခြေစိုက်လမ်းအထူးအဖွဲ့ (၂၄) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဇော်တိုးနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် တံတားတည် ဆောက်ရေးယာယီရုံးခန်းတွင် သံဃာတော်များအား အာရုဏ်ဆွမ်း၊ လူဖွယ်ဝတ္ထုများ ဆက် ကပ်လှူဒါန်းကာ ပရိတ်တရားတော်များနာယူကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘေး အန္တရာယ်အပေါင်းမှကင်းဝေးစေရေး တံတားသစ်ကြီးပေါ်တွင် အန္တရာယ်ကင်းပရိတ်အမွှေးနံသာရည်များပက်ဖြန်းပေး၍ တံတားကြီးပေါ်မှအများပြည်သူများအား စတင်ဖြတ်သန်းသွား လာခွင့်ပြုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါတံတား ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးကျေးရွာကို ဆက်သွယ်သွားလာမည့် ပင် လယ်ဖြတ်ကူးတံတားဖြစ်ပြီး RC Girder - PC Girder- RC Decking အမျိုးအစား၊ အရှည် (၂၄၀၀) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄) ပေ၊ လူသွားလမ်းအကျယ် (၅ ပေ ၆ လက်မ) ရေ လမ်းကင်းလွတ်အကျယ် (၈၀) ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၃) ပေ၊ View Deck အကျယ် (၁၀)ပေရှိပြီး အဆိုပါစီမံကိန်းကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်းပေါင်း (၁၃၄၄၀) အသုံးပြုကာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ဒေသတွင်း လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းရောင်းချတင်ပို့မှုနှင့် ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များ ဖြတ်သန်းသွားလာမှု လွယ်ကူမြန်ဆန်လာကာ ကော့သောင်းဒေသ၏ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)