Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်၍ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်၊ ရေဘေးရှောင်စခန်းနေပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဇူလိုင် ၅

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုသားဖွားသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများ၊ ဆုရအမျိုးသမီးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်း သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့် အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရေး မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်အနေဖြင့် ယခုလို မြန်မာအမျိုးသမီးများနေ့ကို ကျင်းပပြီး ပြည်နယ်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ် ကျင်းပပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးစွမ်းအားစု၏ စွမ်းဆောင်ပါဝင်မှုကို ထိထိရောက်ရောက်ရယူရန် လိုအပ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြန်မာအမျိုးသမီးများသည် လောကကို တာဝန်ယူမည့်သူများ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင် ဖန်တီးသူများဖြစ်သည့်အတွက် လူအဖွဲ့အစည်းများမှတစ်ဆင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရေး တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် စီးပွားရေးကဏ္ဍလှုပ်ရှားမှု ထူးချွန် (ပထမဆု) ရရှိအောင် စွမ်းဆောင်ခဲ့သော ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်၊ အမျိုးသမီးကြက်ခြေနီထူးချွန်ဆုရ ဒေါ်အေးအေးငွေ၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ လူမှုရေးကဏ္ဍဆိုင်ရာ ထူးချွန်ဆုရရှိသည့် ဒေါ်ခင်လေးမေတို့ကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့က အမျိုးသမီးလုပ်ငန်းရှင်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးတို့က အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းများတွင် ကာလကြာမြင့်စွာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ လူရည်ချွန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများ၊ အားကစားဆိုင်ရာကဏ္ဍများတွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ အမျိုးသမီးအဖွဲ့များက တိုင်းရင်းသား ရိုးရာအကအလှများနှင့် ကပြသီဆိုဖျော်ဖြေမှုနှင့် မြန်မာအမျိုးသမီးများနေ့ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အခမ်းအနားတွင် တေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သော အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြ သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သင်တန်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရပ်/ရွာအခြေပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်နန်းရပ်ကွက်အတွင်းရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားကာ စခန်းရှိ အိမ်ထောင်စု ၂၅ စု၊ လူဦး ရေ ၁၅၆ ဦးတို့အတွက် ဆန် ငါးအိတ်၊ ခေါက်ဆွဲခြောက် ၁၀ ဖာ၊ ငါးသေတ္တာတစ်ဖာ၊ ကုလားပဲ တစ်အိတ်နှင့် ရေသန့်ကတ် ၂၀ ကိုထောက်ပံ့ပေးအပ်၍ ရေဘေးရှောင်မိသားစုများက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ လိုအပ်ချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း မြစ်ရေမြင့်တက်မှုကြောင့် နုန်းမြေများ တင်ကျန်နေမှုကို လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ စက်ယန္တရားများဖြင့် နုန်းမြေများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်