ရန်ကုန် ဇူလိုင် ၅
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာ့ဦးသျှောင် မဟာထေရ်ကြီးများနှင့် သံဃာတော်ထေရ်ရှင်အများက သဒ္ဓါဗိုလ်၊ ဝီရိယ ဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်ဟူသော ဗလငါးတန်အရင်းခံလျက် တာဝန်ကျေပွန်စွာ လက်ဆင့်ကမ်းဆောင်ရွက်တော်မူလာခဲ့ကြသဖြင့် မြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်စစ်စစ် နေလိုလလို ထွန်းလင်းတောက်ပနေကြောင်း၊ ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာ့ဦးသျှောင်မဟာထေရ်မြတ်များက ရှေ့ဆောင် ဦးရောက် စောင့်ရှောက်တော်မူနေကြသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် အများပြည်သူတို့ကလည်း ဆရာ ဒကာ ညီညာလက်ယှက် ကိုင်းဖက်ကျွန်းမှီ ရှေ့သွားညီအောင် ဖြူကြည်သဒ္ဓါ စေတနာဖြိုး၊ ပံ့ပိုးထောက်ပင့် ချီးမြှင့်ပူဇော်လျက်ရှိကြပါကြောင်း လျှောက်ထား သည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်များအပေါ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒပါလကလည်း ကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားကြသည်။
ဆက်လက်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး၊ ပထမနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်း၌ ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) + ဒေါ်ကြိုင်ကြိုင်မိသားစုနှင့် ဓမ္မမိတ်ဆွေများက အရုဏ်ဆွမ်း၊ နေ့ဆွမ်း တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်