Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၄

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအဖွဲ့ရုံးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏သားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် ပညာရေးကို အခြေခံသည့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဟူသည့်အချက်များပါဝင်ကြောင်း၊ ပညာတတ်များ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ၂၁ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိသူတစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူတစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူသုံးဦး စုစုပေါင်းခုနစ်ဦး ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ခြောက်ဘာသာဂုဏ်ထူးရရှိသူတစ်ဦးနှင့် လေးဘာသာဂုဏ်ထူး ရရှိသူတစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက သုံးဘာသာ ဂုဏ်ထူးရရှိသူတစ်ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦးကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တစ်ဘာသာဂုဏ်ထူးရရှိသူ သုံးဦးကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိအတွက်၊ မိမိမိသားစုအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားတစ်ဦး၊ ပညာရှင်တစ်ဦးဖြစ်အောင် ကြိုးစားအားထုတ် ကြရန် တိုက်တွန်းပြောကြားပြီး ထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

သတင်းစဉ်