Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူဖွင့်လှစ်ပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၄

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည်ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆိုင်းဘုတ်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် မြို့တွင်းလမ်းဆုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာနှင့် ပန်းဖွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် ကြသည်၊၊

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်ခရာနှင့်ပန်းဖွားအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြည်သူလူထုအသိပညာပေးဆိုင်းဘုတ်များကို ဥတ္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားခရိုင်များအတွင်း မြို့ကြီးများ၏ လူစည်ကားရာနေရာ များတွင် စိုက်ထူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်