Skip to main content

SCO အဖွဲ့နိုင်ငံများ၏ မီဒီယာကိုယ်စားလှယ်များ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ဆွေးနွေး

ရှန်ဟိုင်း ဇူလိုင် ၄

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO- Shanghai Cooperation Organization) နိုင်ငံများ၏ မီဒီယာစကားဝိုင်းဆွေးနွေးပွဲ (Media Delegations Round Table Meeting) ကို SCO ၏ အောင်မြင်မှုများနှင့် မျှော်လင့်ချက်များကို မီဒီယာရှုထောင့်အမြင် ( SCO: Achievements and Prospects from the perspective of Media) ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ရှိ SCO နိုင်ငံတကာဖလှယ်ရေးနှင့် တရားဥပဒေ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အမျိုးသားသိပ္ပံ (CNISCO: China National Institute for SCO International Exchange and Judicial Cooperation) ၌ ကျင်းပရာ မြန်မာနိုင်ငံအပါအဝင် SCO ၏ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေး

မီဒီယာဆွေးနွေးပွဲသို့ SCO အိမ်နီးချင်းကောင်း စိတ်ဓာတ်၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization) အတွင်းရေးမှူးချုပ် Secretary General နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပ-အလယ်အာရှရေးရာဌာန (Department of European-Central Asian Affairs of MOFA) သံမှူးကြီး (Minister-Counselor) မစ္စကျန်ဝေ (Ms Zheng Wei)၊ ရှန်ဟိုင်းနိုင်ငံရေးသိပ္ပံ အကယ်ဒမီ (Shanghai Academy of Political Science) မှ အကြီးတန်း သုတေသနမှူး ပါမောက္ခ Pan Guang ၊ တရုတ်နိုင်ငံ အမျိုးသားနိုင်ငံတကာ လေ့လာရေးအဖွဲ့ (China National Association for International Studies) ဒုတိယဥက္ကဋ္ဌပါမောက္ခ Liu Jun နှင့် ပညာရှင်များ တက်ရောက်၍ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် SCO နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းဆွေးနွေးကြပြီး ပညာရှင်များက အဆိုပါ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးကြသည်။

မီဒီယာစကားဝိုင်း ဆွေးနွေးပွဲသို့ SCO အဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သည့် အိန္ဒိယ၊ အီရန်၊ ကာဇက် စတန်၊ တရုတ်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ လေ့လာသူ (Observers) အဆင့်နိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ ဘီလာရုဇ်၊ ဆွေးနွေးဖက် Dialogue Partners နိုင်ငံများဖြစ်သည့် အာဇာဘိုင်ဂျန်၊ အာမေး နီးယား၊ ဘာရိန်း၊ အီဂျစ်၊ ကမ္ဘော ဒီးယား၊ ကာတာ၊ ကူဝိတ်၊ မော်လဒိုက်၊ မြန်မာ၊ နီပေါ၊ တူကီယဲနှင့် သီရိလင်္ကာနိုင်ငံတို့မှ မီဒီယာကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက် ဆွေးနွေးကြသည်။

တရုတ်ပညာရှင်များက SCO သည် ကန့်သတ်ပိတ်ဆို့မှု sanctions များကို ဆန့်ကျင်ပြီး ယင်းကန့်သတ် ပိတ်ဆို့မှုများကြောင့် ကမ္ဘာပေါ်တွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ သေဆုံးနေကြရကြောင်း၊ SCO နိုင်ငံများရှိ ပြည်သူများအချင်းချင်း ကူးလူး ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်းနှင့် ကျွမ်းကျင်သင်တန်းများလည်း တိုးမြှင့်ပေးနေကြောင်း စသဖြင့် တင်ပြဆွေးနွေးခဲ့ကြသည်။

GNFCCSCO ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ်ရန်ကုန်မီဒီယာအုပ်စု (Yangon Media Group) ၏ဥက္ကဋ္ဌ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)က အဆိုပါ မီဒီယာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

SCO မီဒီယာအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ရှန်ဟိုင်း၊ ဘေဂျင်းနှင့် ချင်းတောင်မြို့တို့တွင် လေ့လာရေးခရီးစဉ်များ၊ ဆွေးနွေးပွဲများ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်နှင့် ဖိုရမ်ခွဲများ Green Development Forum and Sub forums ကို တက်ရောက်ကြမည် ဖြစ်သည်။

SCO မီဒီယာအဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့တွင် ရှိနေစဉ်အတွင်း တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ ( Food delivery Ele.me)၊ NETA အမှတ်တံဆိပ် လျှပ်စစ် ကားထုတ်လုပ်သည့် Hozon New Energy Auto ကုမ္ပဏီ၊ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေနက်ဆိပ်ကမ်း Yangshan Port ၊ ဥမင်လိုဏ်ခေါင်းတူးဖော်သည့် ယန္တရားများထုတ်လုပ်သည့် Shanghai Tunnel Enginneering ကုမ္ပဏီတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

KK