Skip to main content

လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

နေပြည်တော် ဇူလိုင် ၄

အလုပ်သမားဝန်ကြီးဌာန လူမှု ဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါး ရောဂါရှာဖွေရေးစင်တာတို့ ပူးပေါင်း၍ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆောင်ရွက်ပေးသည်။

အဆိုပါအဖွဲ့သည် လူမှုဖူလုံရေးအကျုံးဝင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ဆေးဝါး ကုသမှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများအပါအဝင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၆ ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၅ ခန်း၊ မီးဖွား ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသောစာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၅ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်းနှစ်ခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ်ဆေးခန်းလေးခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု ဆောင်ရွက်သည့် စာချုပ်ဆေးခန်းသုံးခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ်စီမံချက်အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာန ၃၃၄ ဌာနမှ အာမခံအလုပ်သမား ၁၄၅၀၈ ဦးတို့ကို ဩဂုတ် ၆ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်