Skip to main content

ပြည်တက္ကသိုလ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ပြည် ဇူလိုင် ၅

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပရာ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ ဘက်စုံသုံးခန်းမ၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ်ဘာသာရပ်‌ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ "မြကျွန်းညိုညို" တေးသီချင်းသီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်းက အခမ်းအနားဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် စာရေးဆရာမောင်နေခြည်(ပြည်)က သုတ/ရသစာပေအကြောင်း အပါအဝင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေးဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ပြည်တက္ကသိုလ် သင်တန်းရေးရာဌာနမှူးက စာရေးဆရာမောင်နေခြည်(ပြည်) အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက ဘက်စုံသုံးခန်းမရှေ့၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်၊ ဓာတ်ပုံမှတ်တမ်းများနှင့် သီရေတာရှေ့ရှိ စာအုပ်ဈေးအရောင်းဆိုင်များမှ သုတ/ရသစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာ/ဝယ်ယူဖတ်ရှုကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)