Skip to main content

ရမည်းသင်းမြို့နယ် ကတင်ကျေးရွာ၌ ဝါစိုက်ခင်းများ ရေရှိရေးဆောင်ရွက်

နေပြည်တော် ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၏ စိုက်ဧက ၂၁၀ စိုက်ပျိုးရေရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းတိမ်ခုနစ်တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် အဆိုပါနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကတင်ကျေးရွာ ကုန်ထုတ်လမ်း ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာ၌ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွား ရေးသမဝါယမအသင်းမှ စိုက်ဧက ၂၁၁ ဧကတွင် ရွှေတောင် - ၁၀ ဝါမျိုးများ စိုက်ပျိုးနေသောအသင်း သားတောင်သူများနှင့် တွေ့ဆုံ၍ ဝါအထွက်နှုန်းတိုးရေးနှင့် အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရေးမှာကြားကာ ရမည်းသင်းမြို့နယ်နွားပွဲဈေးသို့ သွားရောက်၍ ဒေသနွားမွေးမြူထားရှိမှု၊ ရောင်းဝယ်ဖောက်ကားနေမှုများကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် အင်ကြင်းကန် - အုတ်ဖို - ကြံပင် - ထန်းတော ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်း၊ ဆီထွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုကုန်ကြမ်း သီးနှံဝါစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရေးတိုက် တွန်းမှာကြားသည်။

သတင်းစဉ်