Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း ပွဲကြည့်စင်ဘယ်ဘက်ခြမ်းရှိ မြေကွက်လပ်နေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်၊ သစ်တောများသည် အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့်တားဆီး ကာကွယ်ရေးဦးစီးဌာနနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများထံ ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ ပျိုးပင်များ စိုက်ပျိုးကြသည်။

၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် ကော်မရှင်အနေဖြင့် ရတနာတန်း ဝင်ကျွန်းပင်နှင့် မန်ကျည်းပင် စုစုပေါင်းပျိုးပင် ၄၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်