Skip to main content

အကြမ်းဖက်သောင်းကျန်းသူတို့၏ လွန်စွာမိုက်မဲသည့်လုပ်ရပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ဇူလိုင် ၃ ရက်မှစ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးပစ်မှတ်မဟုတ်သော မြို့တွင်းလူနေရပ်ကွက်များကို ချိန်ရွယ်၍ အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် ဘုန်းကြီးကျောင်းဝင်းနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ သေကျေပျက်စီးမှု၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိမှု အနိဋ္ဌာရုံမြင်ကွင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်သောင်းကျန်းသူများက မြို့ဖျက်၊ လမ်းတံတားဖျက် တိုက်ပွဲများကို တစ်ကျော့ပြန် ပြန်လည်ပြုလုပ်လာခဲ့ရာ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူတို့မှာ ပြင်ဦးလွင်၊ မန္တလေးစသည်ဖြင့် ဘေးလွတ်ရာနေရာများဆီသို့ အိုးပစ်၊ အိမ်ပစ်ထွက်ပြေးနေကြရသည်။ လက်နက်ကိုင်သောင်းကျန်းသူများက ပြည်သူများ နေထိုင်ရာ နေအိမ်အဆောက်အအုံများအတွင်း ဝင်ရောက်နေရာယူခြင်းဖြင့် ပြည်သူကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူခြင်း၊ ယာယီတိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို ကုန်တင်ကားများ ဖင်ထိုးကာ ယူငင်သယ်ဆောင်ကြခြင်း၊ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများကို လူမျိုးရေးခွဲခြားမှုနှင့် အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း စသည့်သတင်းများကို ကိုယ်တွေ့ကြုံသည့် ပြည်သူများကတင်သည့် လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအပါအဝင် လမ်းတံတားများကို ဖြတ်တောက်ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူများအတိဒုက္ခရောက်ကြရသည့် မြင်ကွင်းများနှင့် ခံစားချက်များကိုလည်း မိမိတို့မကြာခဏတွေ့မြင်ကြားသိကြရသည်။ အကြမ်းဖက်သောင်းကျန်းသူတို့ ဝင်ရောက်ခဲ့သည့် မြို့များမှာ မြို့ပျက်များသဖွယ် ဖြစ်ခဲ့ပြီး ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများမှာလည်း ဆိတ်သုဉ်းသွားခဲ့ကြရသည်ကို ကိုယ်တွေ့ကြုံသည့် ပြည်သူတို့ကဖွင့်အန် ပြောကြားလာကြသည်။ အကြမ်းဖက်သောင်းကျန်းသူတို့ကြောင့် ဖြစ်ပေါ်လာရသည့် တိုင်းရင်းသားပြည်သူတို့၏ ဒုက္ခများမှာ ပြည်ဖျက်မီဒီယာများတွင် တွေ့ရှိနိုင်မည်မဟုတ်သည့် ဖြစ်ရပ်မှန်သတင်းများပင်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများမှာ တိုင်းရင်းသားအရေးဟူ၍ အကြောင်းပြထားသော်လည်း အဓိကလုပ်ဆောင်ချက်များမှာမူ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းနှင့် သယံဇာတများ ခိုးထုတ်စီးပွားရှာခြင်းသာလျှင်ဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ပြည်ပလက်ဝေခံ အဖွဲ့အစည်းအချို့ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ ၎င်းတို့နဲ့ ၎င်းတို့ရဲ့အဖွဲ့အစည်း အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင်နေခြင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ်ဖော်ဆောင်ရေးကို ပျက်စီးအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေရာဒေသအချို့မှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေခံလျက်ရှိတယ်။ ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးတာပဲခံစားရတဲ့အတွက် အင်မတန်မိုက်မဲတဲ့ လုပ်ရပ်လို့ ပြောလိုတယ်။” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၉) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ သရုပ်အမှန်ကို အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသည့်မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်၍ တိုက်ကွက်ဖော်ခြင်း၊ ဒေသခံပြည်သူများကို အကာအကွယ်ယူခြင်း၊ အဝေးမှရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ ပျက်စီးရသည့်အပြင် အပြစ်မဲ့ပြည်သူ ကလေးပါမကျန် သေကျေဒဏ်ရာရမှုများ ဖြစ်ပေါ်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချရေးနှင့် ဒေသများတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။