Skip to main content

ကိုဗစ် − ၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ပွဲကို Online အခမ်းအနားဖြင့် ပြုလုပ်

ထားဝယ်၊ စက်တင်ဘာ ၁၁

ကိုဗစ် − ၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက Online အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက်အမှာစကားကို ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးစိုးအောင်က အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ နှစ်စဉ်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျှက်ရှိပါ ကြောင်း၊ ယခုအခါတွင်လည်း ကိုဗစ် − ၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဂေဟာ/ရိပ်သာများသို့ ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ လူမှုဝန် ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ရပ်ရွာအတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန် စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ စသည်ဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါတရား ထက်သန်စွာဖြင့် ကိုယ့်အားကိုယ်ကိုးဖွဲ့စည်းတည်ထောင်မှုကို နိုင်ငံတော်မှအသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးခြင်းများကိုပါ ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် (၃) ခရိုင်မှ ဂေဟာ/ရိပ်သာ (၁၂) ခုအတွက် ထောက်ပံ့ငွေကျပ်သန်း(၁၇ဒသမ၂၅)ကို ရရှိခဲ့ပြီး ထားဝယ် ခရိုင်အတွက် ပရဟိတဂေဟာ(ကျား) (၄)ခု၊ ပရဟိတဂေဟာ(မ) (၁)ခုနှင့် ဘိုးဘွားရိပ်သာ (၁) ခု ပေါင်း (၆) ခုအတွက် ကျပ်သန်း(၁၁ ဒသမ ၁၉)သန်းကို  တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေများအားပေးအပ်ခဲ့ရာ ဂေဟာနှင့်ရိပ်သာများမှတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ဂေဟာ/ရိပ်သာများကိုယ်စား  လေးထပ်ကျောင်းဂေဟာမှ ဂေဟာဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ကျေးဇူးတင်စကားကို ပြောကြားခဲ့ကြောင်း သိရသည်။      

နိုင်ဝင်း (သရက်ချောင်းပြန်/ဆက်)