နေပြည်တော် ဇူလိုင် ၃
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
စုပေါင်းသန့်ရှင်းဆောင်ရွက်
ယနေ့မွန်းတည့် ၁၂ နာရီတွင် မြစ်ရေပြန်လည်ကျဆင်းခဲ့သဖြင့် မြို့တွင်းလမ်းများပေါ်၌အမှိုက်များ၊ ဒိုက်များ၊ နုန်းများ တင်ကျန်လျက်ရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့၌လည်း ဇူလိုင် ၂ ရက်မှစ၍ မြစ်ရေဝင်ရောက်ခဲ့ရာ ဗန်းမော်မြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ် ရေမှတ်ထက် ကျော်လွန်ခဲ့ကာ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စု ၄၃၉၉ စုခန့်၊ လူဦးရေ ၂၂၃၆၁ ဦးခန့်ကိုလည်းကောင်း၊ ရွှေကူမြို့နယ်၌ ဇူလိုင် ၂ ရက်မှစ၍ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့သဖြင့် မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုဝင် ၁၁၀ ခန့်၊ လူဦးရေ ၄၉၂ ဦးခန့်တို့ကိုလည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့တွင် ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လာသဖြင့် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်။
ကူညီရွှေ့ပြောင်းပေး
အဆိုပါ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန် ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ဇီးဖြူကုန်း)တို့၌ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်