နေပြည်တော် ဇူလိုင် ၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၅) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၇) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ခေါင်းဆောင်ကောင်းများပီသစွာ
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းကို နိုင်ငံတော်၏မူဝါဒ၊ လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိစေရန်၊ ကောင်းမွန် သောအုပ်ချုပ်မှုစနစ် သဘောတရားကိုနားလည်ပြီး သန့်ရှင်းသောအစိုးရအကောင်အထည်ဖော်ရာ၌ အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများရရှိစေပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေ တို့ကိုသိရှိကာ စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီ ကျင့်သုံးလိုက်နာတတ်စေရန်၊ စီမံခန့်ခွဲမှုဆိုင်ရာ အယူအဆသစ်များကို လေ့လာသိရှိပြီး မိမိတာဝန်ယူရသည့် စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဦးဆောင်နိုင်မှုစွမ်းရည် မြင့်မားလာစေရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး စီးပွားကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်၏အဆင့်မြင့် တာဝန်များကို ခေါင်းဆောင်ကောင်းများ ပီသစွာဖြင့် အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများနှင့် အဆင့်မြင့်အရာရှိကောင်းများ ပေါ်ထွက်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် မြော်မြင်တတ်စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
ထူးချွန်ပြောင်မြောက်စွာဆောင်ရွက်
ယခုသင်တန်းကရရှိခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတ၊ အတွေ့အကြုံများကို မိမိတို့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချကြရန်၊ နိုင်ငံတော်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရားအတွင်း ကျရာကဏ္ဍမှစေတနာထား၍ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် တာဝန်ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် မိမိတို့လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိသူများအဖြစ် အစဉ်ကြိုးပမ်း ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်း အမှတ်စဉ် (၁၅) သို့ သင်တန်းသား သင်တန်းသူ ၂၃ ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၇) သို့ သင်တန်းသား သင်တန်းသူ ၃၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇူလိုင် ၃ ရက်အထိ ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်