Skip to main content

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အကျုံးဝင်သည့်သူ တစ်ဦးတစ်ယောက်မျှ ကျန်ရှိခြင်းမရှိစေရေးဆောင်ရွက်

နေပြည်တော် ဇူလိုင် ၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ရေးဆွဲပြုစုလျက်ရှိသော အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) National Immunization Strategy (NIS) (2025-2029) ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန်

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုရေးဆွဲလျက်ရှိသော National Immunization Strategy သည် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ် အထိ ငါးနှစ်အတွင်းတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အရေးကြီးသောလမ်းပြမြေပုံ တစ်ခုဖြစ်ကြောင်း၊ နောင်အနာဂတ် ၁၀ နှစ်တာအတွက် မျှော်မှန်းရလဒ်များ ရရှိစေရေးအတွက် ငါးနှစ်တာဆောင်ရွက်ရမည့်လုပ်ငန်းများကို ရေးဆွဲပြုစုထားခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများ အားလုံးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ နည်းဗျူဟာဆိုင်ရာ လမ်းညွှန်မှုအနေဖြင့် အသုံးပြုနိုင်ရန်အတွက်လည်းဖြစ်ကြောင်း၊ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာရေးဆွဲရာတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအတွက် လိုအပ်သောအရင်းအမြစ်များ၊ ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ ကြုံတွေ့လာနိုင်သောအခက်အခဲများကို ဖြေရှင်းမည့် နည်းလမ်းများဖော်ထုတ်ခြင်း၊ ဝေးလံခက်ခဲသော (Hard to reach) ဒေသများအတွက် အထူးစီမံချက်များရေးဆွဲခြင်း၊ အစုအဝေးနှင့် နေထိုင်သောစုရပ်များနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ခက်ခဲသောဒေသများတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန် ဆောင်ရွက်ရမည့်အချက်များ ထည့်သွင်းရေးဆွဲရန်လိုအပ်ကြောင်း။

မဟာဗျူဟာရေးဆွဲနိုင်ရေး

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အကျုံးဝင်သည့်သူ တစ်ဦးတစ်ယောက်မျှ ကျန်ရှိခြင်းမရှိစေ ရေးနှင့်တိကျမှန်ကန်သော ကိန်းဂဏန်းအချက်အလက် များရရှိစေရေး၊ ကာကွယ်ဆေးလိုအပ်ချက်များအတွက် ဦးစားပေးဆောင်ရွက်စေရေး၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ တိုးတက်လာစေရေးတို့အတွက် လိုအပ်သောစွမ်းအားစုများကို ခန့်မှန်းတွက်ချက်ပြီး ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း၊ National Immunization Strategy (2025-2029) ငါးနှစ်တာရေးဆွဲရာတွင် အရည်အသွေးပြည့်ဝ၍ လက်တွေ့အသုံးဝင်သော မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် တက်ရောက်လာသူများအားလုံး ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးရန် ပြောကြားသည်။

ပြန်လည်ဆွေးနွေး

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်သစ္စာလွင်က National Immuni-zation Strategy (2025-2029) ရေးဆွဲရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် Dr. David Sulaberidze က ရေးဆွဲထားသော National Immunization Strategy (2025-2029) (မူကြမ်း) ကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးကြသည်။

တာဝန်ရှိသူများတက်ရောက်

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် Clinton Health Access Initiative (CHAI) အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။

သတင်းစဉ်